ဗုဒ္ဓဘာသာ ကိုးကွယ်သည့် သားသမီးတို့သည် ခရစ်ယာန် ဘာသာကိုးကွယ်သည့် မိဘအမွေကို ဆက်ခံခွင့်ရှိသည်။ “ဦးအရောင် နှင့် မကာကြူမွှေး (၁၉၆၄ မတစ ၁၁၄)” ။
ဗုဒ္ဓဘာသာဝင်မိခင် တစ်ယောက်သည်မွတ်စလင်ဘာသာဝင်အဖြစ် ကူးပြောင်းကိုးကွယ်ပြီး မွတ်စလင်တစ်ယောက်နှင့်လက်ထပ်သည်။ ထိုမိန်းမကွယ်လွန်သည့်အခါ ဗုဒ္ဓဘာသာဝင်သမီးသည် မိခင်၏ အမွေကို ဆက်ခံခွင့်မရှိပေ။ ကွယ်လွန်သူ၏ အမွေဆက်ခံခွင့်သည် ထိုကွယ်လွန်သူ၏ ပုဂ္ဂလိကဆိုင်ရာ ဥပဒေနှင့်သာ သက်ဆိုင်သည်။ “အေးကို နှင့် ရာစူဘီဘီ (၁၉၅၀ မတစ လွှတ်တော် ၂၈၈)” ။
ခရစ်ယာန်ဘာသာဝင်မိဘများ၏ အမွေကို မြန်မာဗုဒ္ဓဘာသာဝင် သားသမီးတို့သည် အမွေဆက်ခံခွင့်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်မြေးများ သည်လည်း ခရစ်ယာန်ဘာသာဝင် အဘိုးအဘွား၏အမွေကို ဆက်ခံခွင့်ရှိသည်။ “ဒေါ်ခင်မူမူ ပါ-၂ နှင့် ဒေါက်တာဂျီအာလူးဝစ် (စ်) ၂၀၀၂ မတစ ၂၀၄” ။
အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၁၆ ပြဋ္ဌာန်းရခြင်း အဓိက ရည်ရွယ်ချက်မှာ ကွယ်လွန်သူအမွေရှင် ကျန်ရစ်သော ပစ္စည်း တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ တရားစွဲဆိုမည်ဆိုလျှင် အမွေထိန်းစာ ရရှိသူမှတစ်ပါး အခြားသူက တရားစွဲဆိုခြင်း၊ စွဲဆိုသည့်အမှုတွင် ခုခံခြင်း၊ တရားရုံးတွင်ဆောင်ရွက်ခြင်း၊ ပြုခွင့်မရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်လိုပါက အမွေထိန်းစာ လက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းပြုလုပ်ပြီးမှသာ ဆောင်ရွက်နို်င်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
အမွေပုံပစ္စည်းနှင့်စပ်လျဉ်း၍ အမွေခွဲဝေပေးရန် ငြင်းဆန်သော အမွေပုံပစ္စည်းအပေါ် မရိုးမသား ဆောင်ရွက်သော အမွေထိန်းစာ လက်မှတ်ရသူအမွေထိန်းကို တရားစွဲခွင့်မရှိဟု ပြဋ္ဌာန်းထားခြင်းမရှိပေ။
အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၄၁အရ ခိုင်လုံသည့် သေတမ်းစာမရှိဘဲ ကွယ်လွန်သူ၏ သား၊ သမီးများနှင့် အမွေမီမြေးများ၊ အမွေမမီ မြေးများကျန်ရစ်လျှင် အမွေမီမြေးများ၊ အမွေမမီမြေးများသည် ၎င်းတို့မိဘ သက်ရှိထင်ရှားရှိခဲ့လျှင် ရမည့်ဝေစုအတိုင်းရ၍ အချင်းချင်း ညီတူမျှတူ ခွဲဝေယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကွယ်လွန်သူ အမွေရှင် ဦးထွန်းရင်+ဒေါ်နော်မွှေးရင်တို့ ကျန်ရစ်သော အမွေကို ခွဲဝေမည်ဆိုလျှင် တရားလိုများသည် ဗုဒ္ဓဘာသာများဖြစ်သော်လည်း ကွယ်လွန်သူ ခရစ်ယာန်ဘာသာဝင် အဘိုးအဘွားများ၏ အမွေကို ဆက်ခံခွင့်ရှိပြီး အမွေဆက်ခံရန် အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၄၁ အရ ၎င်းတို့မိခင် ရရှိမည့် ဝေစုဖြစ်သော ၅ပုံ၁ပုံကို ခွဲဝေရထိုက်ပေသည်။ “(ဒေါ်ထန်ဇာရီ ပါ-၂ နှင့် ဒေါ်နော်ရူဖော ပါ-၇ (၂၀၀၉ မတစ ၄၀)” ။
———————————
ဒေါ်စိုးစိုးသက် LL.B
တရားလွှတ်တော်ရှေ့နေ
စိုင်းခွန်နောင် ကုမ္ပဏီ