သေဆုံးသူ၏ အမွေခံအမွေစားဖြစ်သူကို သိသာ ထင်ရှားရန်အတွက် အခြေခံပြုရသည့်မူတစ်ရပ်မှာ”အမွေသည် အောက်သို့စုန်နိုင်လျှင် အထက်သို ့ မဆန်ရခြင်း” ဆိုသည့် အခြေခံမူဖြစ်သည်။ ဤမူအရ သေသူ၏အမွေကို ၎င်း၏ “အစုန်” ဘက်တွင် အမျိုးအနွယ်များ မရှိမှသာလျှင် “အဆန်” ဘက်တွင်ရှိသည့် အမျိုးအနွယ်များ အမွေဆက်ခံခွင့်ရှိကြသည်။ ” မနီလာအောင် နှင့် ဒေါ်သန်းသန်း
(၁၉၈၄ မတစ ၁၉)။
ထိုကဲ့သို အမွေသည် “စုန်” ၍ မဖြစ်သောကြောင့် “ဆန်” ရလျှင်လည်း လိုသည်ထက်ပို၍ မဆန်နိုင်ပေ။ “မကျော် နှင့် မောင်ဖိုးမြစ်
[ ၃ ရန်ကုန် ၈၆ (၈၇) ]”။
လူတစ်ယောက်၌ “အဆန်ဘက်၌ရှိသည့်အမျိုး”၊ “အစုန်ဘက်၌ရှိသည့် အမျိုး” ဟူ၍ အမျိုးဆက်နှစ်မျိုးရှိသည်။ မိဘဘိုးဘွား စသည်တို့သည် “အဆန်” ဘက်တွင်ရှိသည့် အမျိုးအနွယ်များဖြစ်ကြသည်။ သေဆုံးသူတစ်ယောက်၏ အမွေကို ထိုသူ၏ မိဘ၊ ဘိုးဘွား အစရှိသည်တို့ ဆက်ခံလျှင် “အမွေဆန်” သည် မည်ပေသည်။ သား၊ သမီး၊ မြေး၊ မြစ် အစရှိသူတို့ရလျှင် ” အမွေစုန်” သည် မည်ပေသည်။
မိဘဘိုးဘွားစသော အဆက်အနွယ်များက အမွေဆက်ခံခြင်းကိုသာမက ညီမ၏ အမွေကို အစ်ကိုဖြစ်သူက ဆက်ခံလျှင်လည်း “အမွေဆန်” သည် မည်ပေသည်။ ” မောင်တူ နှင့် မချစ် (၄ ရန်ကုန် ၆၂)” အမှုတစ်ခုတွင် သေဆုံးသူ၏ အမွေကို အစ်ကိုဖြစ်သူနှင့် ညီမ၏သမီးတို့ ယှဉ်ပြိုင်၍ လုကြသည်။ ညီမဖြစ်သူမှာ အမွေရှင် ကွယ်လွန်ပြီးနောက်မှ သေဆုံးခြင်းဖြစ်သည်။ ထို့ကြောင့် ညီမသည် သေသူ၏ အမွေကို ဆက်ခံရရှိပြီးဖြစ်ရာ ညီမ၏ သမီးဖြစ်သူက အစ်ကိုဖြစ်သူထက် အမွေရခွင့်ရှိသည်ဟု ဆုံးဖြတ်သည်။
ဤအခြေခံမူ၏သဘောကိုသိသာရန် ထပ်မံ၍ရှင်းပြရလျှင်
“မနှင်းဘွင့် နှင့် ဦးရွှေဂုဏ် (၈ ဘီအယ်အာ ၁)” မှာ အသင့်လျော်ဆုံးပင်ဖြစ်ပေသည်။ ထိုအမှု၌ သေဆုံးသူ၏ အမွေပစ္စည်းကို ဆက်ခံရန် ဖခင်ဖြစ်သူနှင့် ညီမဖြစ်သူ တို့ တရားဖြစ်ကြရာ ညီမဖြစ်သူက အနိုင်ရရှိသည်။ အကြောင်းမှာ ဖခင်သည် ” အဆန်” ဘက်၌ရှိပြီး ညီမမှာ “အစုန်”ဘက်၌ရှိသောကြောင့်ဖြစ်သ ည်။ “မကြီး နှင့် မခင်စော (၁၀ အယ်ဘီအာ ၄၆၀)အရ သေဆုံးသူ၏ ဖတူမိကွဲ၊ မိတူဖကွဲ ညီအစ်ကို မောင်နှမများ သည် သေသူ၏အမေ့ဘက်မှ အဘွားကို အမွေမှ ပယ်ထုတ်သည်။အကြောင်းမှာ အဘွားသည် “အဆန်” ဘက်၌ရှိသောကြောင့်ဖြစ်သည်။
သေသူ၏ “လင်ပါ မယားပါ ညီအစ်ကိုများ” သည် သေသူ၏ အမေ့ညီမကို အမွေမှ ပယ်ထုတ်နိုင်သည်။ “မောင်ကျော်စိန်နှင့် မမင်းရင်
[၄ ယူဘီအာ (၁၉၂၁-၂၂) ၂၀]”။
———————————–
ဒေါ်ကြည်ပြာစမ်း (တရားလွှတ်တော်ရှေ့နေ)
LL.B, D.L(101) WIPO Switzerland
စိုင်းခွန်နောင်ကုမ္ပဏီ
အိမ်ခြံမြေနှင့်ဥပဒေဝန်ဆောင်မှုလုပ်ငန်း